- Get link
- X
- Other Apps

နားလည်မှု ဆိုတာ အမြင်မတူ/အတွေးမတူရင် လွဲတက်တယ် သမီးလေးရဲ့။ အဲ့သလိုလွဲချော်တက်တဲ့
သဘောလေး ကိုသမီးမြင်အောင် ဖေဖေပုံပြင်လေးတစ်ခုပြောပြမယ်နော်။ ဟိုးအရင်တစ်ချိန်က
ဇင်ဘုန်းကြီးများဟာ သီတင်းသုံးစရာရှာဖို့ရန် ဘုန်းကြီးကျောင်းများသို့ လှည့်လည်ကြွပြီး
ထိုကျောင်းများမှာရှိတဲ့ ဆရာတော်များနဲ့ ဘာသာရေးအသိပညာချင်း ယှဉ်ပြိုင်ရတယ်။
ယှဉ်ပြိုင်ရာမှာ ခရီးသွားဘုန်းကြီးကနိုင်ရင် ထိုကျောင်းမှာ သီတင်းသုံးခွင့်ရသတဲ့ သမီးရဲ့။
တနေ့ ခရီးသွားဘုန်းကြီးတစ်ပါးက ကျောင်းတစ်ကျောင်းကိုကြွလာတယ်။ ကျောင်းက
ဆရာတော်လည်း သူ့ကျောင်းမှာ အတော်ဆုံးတပည့်ဦးဇင်းတပါးနဲ့ ယှဉ်ဖို့ရာစီစဉ်ပေးလိုက်တာပေါ့။
အဲဒီ ယှဉ်ပြိုင်ရမယ့် ဦးဇင်းက မျက်စိတစ်ဖက်လပ်နေတယ်။ သူတို့၂ပါးဟာ အခန်းတစ်ခန်းထဲမှာ
စကားလုံးဝမပြောပဲ ခြေဟန် လက်ဟန်နဲ့ အသံတိတ် ပြိုင်ရတယ်။
ဒီလိုနဲ့ ဦးဇင်း၂ပါးယှဉ်ပြိုင်ပြီး မကြာခင် ခရီးသွားဦးဇင်းထွက်လာတယ်။ ပြီးတော့
ကျောင်းထိုင်ဆရာတော်ကို " အရှင်ဘုရားရဲ့ တပည့် ဦးဇင်းက အရမ်းတော်ပါတယ်
တပည့်တော်မယှဉ်နိုင်ပါဘူး၊ ခရီးဆက်ရပါဦးမယ်" လို့ပြောတယ်။
ကျောင်းထိုင်ဆရာတော်က ဘာတွေများ ယှဉ်ခဲ့လဲ လို့မေးတော့ ခရီးသွားဦးဇင်းက "တပည့်တော်က
ကိုးကွယ်ရာ ဗုဒ္ဓဘုရားသခင်တပါးတည်း ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ညိုး၁ချောင်းထောင်ပြတော့၊
သူက ဗုဒ္ဓ နဲ့ ဓမ္မ ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်၂ချောင်းထောင်ပြတယ်။ ဒီတော့ တပည့်တော်က
ဗုဒ္ဓ၊ ဓမ္မ၊ သံဃ လို့ လက်၃ချောင်းထောင်ပြတော့၊ သူက လက်သီးဆုပ်ပြပြီး ရတနာ၃ပါး
တစုတစည်းတည်းအတူတူ လို့ဆိုတယ်"
ဒီလိုပြောပြပြီး ခရီးသွားဦးဇင်းလည်း ထွက်သွားတာပေါ့သမီးရယ်။
နောက် ယှဉ်ပြိုင်ခဲ့တဲ့ ကျောင်းကဦးဇင်း ထွက်လာပြီး ဒေါသထွက်နေတဲ့ပုံနဲ့ ဆရာတော်ကို
"အဲဘုန်းကြီးဘယ်ရောက်သွားပြီလဲ" လို့မေးတယ်။ ဆရာတော်လည်း အံ့သြပြီး ဘာလို့လဲဆိုတာမေးတော့
"သူက ရိုင်းတယ် ဘုရား၊ ဝင်လာလာချင်း တပည့်တော် မျက်လုံး ၁လုံးတည်းရှိတာကို စော်ကားတဲ့
သဘောနဲ့ လက် ၁ချောင်းထောင်ပြတယ်၊ တပည့်တော်လည်း သည်းခံပြီး သူ့ကို ..အရှင်ဘုရားကတော့
မျက်လုံး၂လုံးပြည့်စုံပါတယ်လို့ ချီးမွမ်းတဲ့သဘောနဲ့ လက်၂ချောင်းထောင်ပြတာကို၊ သူက နောက်ထပ်
လက် ၃ချောင်းထောင်ပြီး ဒီအခန်းတည်းမှာ စုစုပေါင်း မျက်လုံး ၃လုံးပဲရှိတယ်လို့ပြောတယ်၊
တော်တော်လွန်လာလို့ တပည့်တော်လည်း ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ဒီလိုဆက်ပြောနေရင်
လက်သီးစာမိမယ်ဆိုပြီး လက်သီးစုပ်ပြတော့၊ သူလည်း အခန်းထဲက ထွက်သွားတယ် ဘုရား" တဲ့လေ.။
ဒီပုံပြင်လေးက ဟာသအမြင်ကြည့်ရင် ရယ်စရာလေးပေါ့သမီးရယ်။ ဒါပေမယ့် သမီးလေးဘဝမှာ
ဒီပုံပြင်လေးကိုတော့ မှတ်ထားရမယ်နော်။ ဘာလို့လဲဆိုတော့ သမီးရဲ့ ချစ်သူ၊ခင်သူတွေ
မိတ်ဆွေသင်္ဂဟတွေနဲ့ နားလည်မှုလွဲချော်တဲ့အခါမှာ တစ်ဘက်သက်အတွေး၊ တစ်ဘက်သက်အမြင်တွေနဲ့
မမြင်မိဖို့ အရေးကြီးတယ်ဆိုတာ ဖေဖေ့သမီးလေး နားလည်သဘောပေါက်စေဖို့ လိုပါတယ်သမီးရယ်။
သမီးရဲ့ဖေဖေ
နွေမင်းသစ်
Credit#
Comments
Post a Comment