အချိန်လေး ခဏ စောင့်ပေးလိုက်ပါ



တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူတူထွက်လာခဲ့ကြသတဲ့ ။

လမ်းခရီးတစ်ဝက် တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။

သောက်စရာ ရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရှိတဲ့ ရေအိုင်ထဲကနေ

ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတာပေါ့ ။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့အတွက်

ရေတွေနောက်ပြီး အနည်တွေ ထနေတာတွေ့လိုက်ရတယ် ။ ဒီတော့ တပည့်တွေလည်း

စိတ်ပျက်လက်ပျက်နဲ့အဖိုးအိုဆီ ပြန်လာခဲ့ကြတယ် ။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ် ဆိတ်ဆိတ်နေတယ် ။ နောက်

တစ်နာရီလောက်ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်သတဲ့ ။ ဒီတစ်ခါတော့

ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကိုတွေ့လိုက်ရတယ် ။

ဝမ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတာပေါ့ ။ ဒီတော့အဖိုးအိုက မေးတယ် ။

“ ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ ” “ ဘာမှမလုပ်ပါဘူး ”

တပည့်တွေအားလုံး ဝိုင်းဖြေကြတယ် ။ အဲဒီထဲကမှ တပည့်တစ်ယောက်ကတော့ ။

“ အချိန်စောင့်လိုက်ရပါတယ် ” လို့ ဖြေသတဲ့ ။

အဖိုးအိုကပြုံးပြီး ပြောတယ် ။ “ ဟုတ်တယ်' ရေကန်ထဲကရေတွေ အားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲ

အချိန်တစ်ခုကို စောင့်ရပါတယ်"

အဲဒီလိုပဲတစ်စုံတစ်ယောက်က သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်လို့ သင်တို့

စိတ်တွေနောက်ကျိနေပြီဆိုရင် .. ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု

လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ် ”

Ashin Marnita

Credit#

Comments