မှန်ကန်သော ဆုံးဖြတ်ချက်ဟူသည်


တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ သားမိသားဖ လေးယောက် နေထိုင်ကြပါတယ်။ လင်းမယားနှစ်ယောက်မှာ
သိပ်လိမ္မာတဲ့ သားလေးတစ်ယောက်၊ သမီးလေး တစ်ယောက် ရှိတယ်။ သားလေးက အကြီး၊
သမီးလေးက တော့ အငယ်မလေးပါ။ ကလေးတွေက အရွယ်ရောက်နေကြပေမယ့် ချစ်ချစ်ခင်ခင်နဲ့ရှိကြတော့
မိသားစုလေး က အေးချမ်းနေတာပေါ့။
ဆင်းရဲတဲ့ လယ်သမား မိသားစုလေးဖြစ်တော့ ဘဝကို အနိုင်အနိုင် ရပ်တည်နေကြရတာပေါ့။ ဒီလိုနဲ့ဘဝကို
ရုန်းကန်လာကြရင်း တစ်နေ့မှာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒီသတင်းကတော့ မြို့ပေါ်မှာ လူတို့တတ်
အပ်တဲ့ အသက်မွေးကြောင်း ပညာရပ်တွေကို သင်ကြားပေးတဲ့ ဆရာကြီး တစ်ဦးရှိတယ်ဆိုတာပါပဲ။
ပညာသင်ရတဲ့ နေရာမှာ တစ်နှစ်အတွင်း သင်ကြားတတ်မြောက်ပြီး ဖြစ်စေရမယ် ဆိုတဲ့ အာမခံချက်လည်းရှိ
တယ်တဲ့လေ။ အခကြေးငွေ အားဖြင့်တော့ အသပြာ တစ်ထောင်ပါတဲ့။
ဒါနဲ့ပဲ လင်မယားနှစ်ယောက်ဟာ သားနဲ့သမီး နှစ်ယောက်လုံးကို သွားသင်စေချင်ပေမယ့် နှစ်ယောက်လုံးစာ
အသပြာငွေ ပမာဏကို မတတ်နိုင်ရှာဘူးပေါ့။ ရှိတာလေးနဲ့ထားဖို့က တစ်ယောက်တွက် အသပြာ တစ်ထောင်ပဲ သူတို့မှာ ရှိပါတယ်တဲ့လေ။
ဒီလိုနဲ့ သားနဲ့သမီးကို အနားသို့ခေါ်စေပြီး အဖေက ယခုလိုပြောပါတယ်။ " သားနဲ့သမီး တို့နှစ်ယောက်လုံးကို
အဖေနဲ့အမေက အတတ်ပညာတွေ တတ်စေချင်ပြီး တိုးတက်ကြီးပွားသူတွေအဖြစ်နဲ့မြင်ချင်တာပါ။ ဒါပေမယ့်
ဆင်းရဲတဲ့ ဘဝဖြစ်တဲ့ အတွက် တစ်ယောက်ကိုပဲ သင်ကြားစေနိုင်တယ်။ တစ်ယောက်တော့ အနစ်နာခံရမယ် " ပေါ့။
မောင်နှမနှစ်ယောက်လည်း တစ်ယောက်နဲ့တစ်ယောက် ညှာတာကြတာကြောင့် မောင်ကြီးပဲ သွားသင်၊
နှမလေး ပဲ သွားသင်နဲ့ တွန်းထိုးနေကြတာပေါ့။ ကြင်နာတတ်တဲ့ စိတ်ကလေးတွေက လေးစားဖို့ကောင်းတဲ့ မောင်နှမပါပဲ။
နောက်ဆုံးတော့ နှမလုပ်တဲ့သူက အကိုလုပ်သူကို ပြောပြပါတယ်။ " မောင်ကြီး ..လောကမှာ လူတော်တွေ
အတွက် နေရာဆိုတာ မရှားပေဘူး။ မောင်ကြီးဟာ မိသားတစ်စုလုံးရဲ့ အားထားခြင်းကို ခံထားရတဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့ အပြင် ထက်မြက်တဲ့ မှတ်ဉာဏ်တွေလည်း ရှိတယ်။ တိကျ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊
ခံယူချက်တွေလည်း အ ပြည့် ရှိနေပါတယ်။ သို့ကြောင့် ဒီပညာတွေကို သင်ဖို့နှမလေးထက်စာရင်
မောင်ကြီးကသာ သင့်တော်ပါတယ်။ ဒါ ကြောင့် မောင်ကြီးသာလျှင် ပညာရပ်တွေကို သွားရောက်
သင်ယူပါလော့" ဆိုပြီး အနစ်နာခံ နေရာပေးလိုက်ပါတယ်။
အကို လုပ်တဲ့သူလည်း အနစ်နာခံ ဆုံးဖြတ်တတ်တဲ့ နှမလေးရဲ့ စိတ်ဓာတ်ကို လေးစားသွားပါတယ်။ မိဘ
နှစ်ပါးက လည်း သင့်တော်တဲ့ သူကို နေရာ ပေးနိုင်တဲ့ သမီးငယ်လေးစိတ်ဓာတ်ကို ချီးကျူး ဂုဏ်ယူကြတာပေါ့။
သမီးငယ်လေး ထက် သားကြီးလေးက ပိုပြီး ထက်မြက်တယ်၊ တော်တယ်ဆိုတာကို မိဘ နှစ်ပါးလုံးက သိထားလို့ပါပဲ။
ဒီလိုနဲ့ နှစ်တွေပြောင်းလာတော့ အကိုလုပ်သူလည်း ပညာတွေ တတ်မြောက်ပြီး မြို့မှာ ကြိုးစားပမ်းစားနဲ့မှန်ကန်စွာ
အသုံး ချနိုင်တဲ့ အတွက် ချမ်းသာကြွယ်ဝတဲ့ ကုန်သည်တစ်ဦး ဖြစ်သွားခဲ့ပါတယ်။ သူတို့မိသားစုလေးလည်း တစ်စု
တစ်စည်းနဲ့ငြိမ်းငြိမ်း ချမ်းချမ်း ချစ်ချစ်ခင်ခင်နဲ့ နေထိုင်စားသောက်သွားကြပါသတဲ့။
ဒီပုံပြင်လေးက ဘာအကြောင်းကို ပညာပေးချင်တာလည်း ဆိုတော့ တိုတောင်းတဲ့ လူ့ဘဝကြီးမှာ လောကကို
အကျိုး ပြုနိုင်တဲ့ အတွက် သင့်တော်တဲ့ သူကို နေရာပေးတတ်ဖို့၊ ပေးရဲတဲ့ သတ္တိ လူတိုင်းတွင် ရှိဖို့လိုတယ်ဆိုတဲ့ အရာပါပဲ။
ပုံပြင်ထဲက ကလေးမလေးဟာ သူ့ထက်တော်တဲ့ သူ့အကိုကို ရဲရဲဝင့်ဝင့် နေရာ တစ်ခုကို ပေးလိုက်ပြီး သူက
အနစ်နာ ခံလိုက်ပါတယ်။ ဒီအကျိုးကတော့ သူတို့မိသားစုလေး နောင်တစ်ချိန် ဆင်းရဲ ပင်ပန်းမှု ဒဏ်ကနေ လွတ်မြောက် သွား ခြင်းပါပဲ။
ထိုနည်းတူပဲ လူတစ်ယောက်ဟာ "ဘယ်သူသေသေ ငတေမာရင် ပြီးရော"ဆိုတဲ့ အတ္တတွေ၊ ခံစားချက်တွေကို
ရှေးတန်း မတင်သင့်ပါဘူး။ ဖြစ်သင့်တာကိုပဲ အကောင်းဆုံး ရွေးချယ်ကြရမှာပါ။ ဒါမှလည်း တန်ဖိုးရှိတဲ့ အချိန်တွေကို ခံစားကြရ မှာပေါ့။
ယနေ့ကိုယ့်တိုင်းပြည်မှာ အာဏာရဖို့သူ့ထက်ငါ တွန်းထိုးလုယက်နေတဲ့ အချိန်မျိုးမှာ ပုံပြင်ထဲက ကလေးမလေးရဲ့
လုပ် ရပ်ကို သွားသတိရမိပါတယ်။ ပူပင်သောကတွေနဲ့ လုယက်နေတဲ့ လူကြီးတွေကို မြင်မိတော့ ပုံပြင်ထဲက
အနစ်နာခံရဲတဲ့ စိတ်ဓာတ်ရှိတဲ့ ကလေးမ လေးကိုပဲ အကြိမ်ကြိမ်အခါခါ ဦးညွှတ်နေမိပါတော့တယ်။
Credit#

Comments