ဘုန်းကြီးကိုကိုနှင့် အေးစပယ်စိုး


ဟိုနားက နွားကျောင်းနေတဲ့လူကို တွေ့လား”
ကြည့်လိုက်မိတော့ အရပ်ရှည်ကိုင်းကိုင်း၊ အသားညိုတိုတို၊ မျက်နှာလေးထောင့် ခပ်ခွက်ခွက်ဖြင့်
လူတယောက်ကို တွေ့လိုက်ရသည်။ ကြည့်ရတာတော့ သူလိုကိုယ်လိုသာမန် လူတယောက်
ပင်ဖြစ်သော်လည်း သူ့ရာဇဝင်ကား စိတ်ဝင်စားစရာ၊ သနားစရာ၊ ယူကျုံးမရ ဖြစ်စရာကောင်းလှ၏။
ထိုလူကား ငယ်စဉ်တောင်ကျေးဘဝကတည်းကပင် ကိုရင်ဝတ်ကာ သာသနာ့ဘောင်တွင်
ပျော်မွေ့နေပြီး ရဟန်းခံချိန်ရောက်လာ ပြန်တော့လည်း ရဟန်းဖြစ်လာသည်။ တော်ရုံတန်ရုံမဟုတ်
ဓမ္မာစရိယတန်းပင် အောင်သည်အထိ ပေါက်ရောက်ခဲ့၏။ အခုတော့ လူထွက်ကာ ရွာပြန် ကျွဲကျောင်း၊
နွားကျောင်း လုပ်နေရရှာသည်။ အင်တာနက်အသုံးကောင်းသဖြင့် ဘဝပြောင်းသွားရခြင်း ဖြစ်တော့သည်။
စာတွေပေတွေတတ်လာပြီး ဘွဲ့တွေဘာတွေရလာသည့်အခါ ထုံးစံအတိုင်း လှူချင်တန်းချင်သည့်
ဒကာ၊ ဒကာမတွေ အလျှိုလျှိုပေါ်လာကာ၊ ခေတ်အရ လူတိုင်းနှင့်မကင်းဖြစ်လာသည့်
စမတ်ဖုန်းတွေကိုလည်း လှူကြတန်းကြကုန်သည်။ ကိုရင်၊ ဘုန်းကြီးတွေ၏ ခမည်းတော်၊
မယ်တော်တို့ကလည်း သားကိုရင်၊ သားရဟန်းဖြစ်သူတို့နှင့် အချိန်မရွေးဆက်သွယ်၍ရပြီဟုဆိုကာ
ပျော်ပျော်ကြီးလှူကြလေတော့သည်။
ကောင်းပါသည်။ အကျိုးအများကြီးဖြစ်ထွန်းနေသည်မှာ ငြင်းမရသည့်အချက်ပင်။ မြန်မာပြည်၏
ထိပ်တန်းသာသနာ့ဥသျှောင် ဆရာတော်ကြီးများလည်း ခေတ်ပေါ်တယ်လီဖုန်းများကို အကျိုးရှိရှိ
သုံးစွဲနေကြသည်ကို မိမိတို့လည်း တွေ့နေမြင်နေရ၏။ ဘုန်းကြီးကျောင်းအချင်းချင်း၊
ဘုန်းကြီးများအချင်းချင်း၊ တပည့်လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်လိုလျှင်လည်း ယခင်ကလို လှည်းတတန်၊
လှေတတန်၊ ကားတတန်၊ လူကြုံတတန်ဖြင့် အချိန်ကုန်ခံနေစရာမလိုတော့။ ဖုန်းလေး
တချက်ကောက်နှိပ်လိုက်ရုံဖြင့်ပင် မိနစ်ပိုင်းအတွင်း ကိစ္စအဝဝတို့ ပြီးစီးကုန်သည်။
နိုင်ငံရပ်ခြားတွင် ရောက်ရှိနေထိုင်ကြသည့် လူတွေအတွက်လည်း အွန်လိုင်းမှနေ၍ တရားဓမ္မများကို
လွယ်လင့်တကူ နားထောင်နိုင်၏။ တချို့ဆရာတော်တွေကျတော့လည်း အချိန်တခု
တိတိကျကျသတ်မှတ်ကာ Live ထုတ်လွှင့်ကြသောကြောင့် နာယူသူတို့အတွက် အကျိုးများလှပေသည်။
သို့သော် ပြတင်းပေါက်တွေကို ဖွင့်လိုက်သည့်အခါ သာယာသည့် လေပြေညင်းတို့သာမက
အမှိုက်သရိုက်တို့လည်း ရောယှက်ဝင်လာ တတ်ကြပါသည်တဲ့။
အမှိုက်သရိုက်တို့သည် အစပိုင်းတော့ လှည်းလို့ကျင်းလို့ သိမ်းဆည်းလို့ လွယ်ကူသေးသော်လည်း
ကြာလာသည့်အခါ တောင်ထုတက် ပြီး ဓာတ်ပြုမှုတွေဖြစ်ကာ မိုးမီးလောင်တော့၏။
မိမိနှင့် ခင်မင်သော ဆရာတော်တပါးပြောကြားသည်မှာ အင်တာနက်ဖုန်းတွေ ပေါ်လာသည့် ၅ နှစ်တာလောက်
ကာလအတွင်းတွင် ဆုံးရှုံးသွားသော သံဃာအရေအတွက်မှာ သိန်းဂဏန်းပင်ရှိသွားပြီဟု ဆိုသည်။
မိမိတို့သိသည်မှာ အပေါ်ယံကြော ရိပ်ဖမ်းသံဖမ်းလောက်သာ ဖြစ်သော်လည်း၊ ယခုလို
သိန်းဂဏန်းထိလောက်တော့ မထင်ခဲ့ပေ။ မိုးကား မီးစစွဲနေလေပြီ။
အထက်က နွားကျောင်းနေရရှာသည့် ဓမ္မာစရိယအောင် ဘုန်းကြီးလူထွက်ခမျာ လူမှုကွန်ရက်မှတဆင့်
မာတုဂါမနှင့်တွေ့ပြီး တည်တည်ငြိမ်ငြိမ်စိတ်တွေ ပျောက်ဆုံးယောက်ယက်ခတ်ကာ
လူထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး မိန်းမပျိုနှင့် သွားတွေ့သည်။ ခမည်းတော် မယ်တော်တွေ၊
အတူနေသံဃာတွေ၊ ကျောင်းထိုင်ဘုန်းကြီးကအစ တားမြစ်ဆုံးမကြသော်လည်း ငတ်မပြေသည့်
ပင်လယ်ရေနောက်ကောက် ကောက်ပါအောင်လိုက်ကာ ရန်ကုန်မြို့သို့ ချီတက်သွားလေတော့သည်။
သူ့ခမျာ လာပါဆို၍သာ လိုက်သွားရသော်လည်း အပြင်တွင် လူချင်းက မမြင်ဖူး။ ကန်တော်ကြီးပန်းခြံထဲ
နေကုန်အောင်စောင့် နေပါသော်လည်း မရွှေချောကား ပေါ်မလာဇာတ်ခင်းချေပြီ။ အမှန်တော့လာပါလိမ့်မည်။
အဝေးခပ်လှမ်းလှမ်းမှ ပုန်းလျှိုးကွယ်လျှိုး စောင့်ကြည့်ပြီး ဟန်ပုံမပေါ်၍ လစ်သွားဟန်တူ၏။
ကိုယ်တော်တို့သည် သာသနာ့ဘောင်တွင်ရှိစဉ်အခါ တရားဂုဏ်၊ ဓမ္မဂုဏ်၊ သင်္ကန်းဂုဏ်တို့ဖြင့်
အဆင်းတင့်တယ်နေတတ်ကြသည်။ အဟောအပြောလေးလည်း ကောင်းဆိုပါကသာ၍ပင်
ကြည်ညိုဖွယ်ရှိပေသည်။ ထိုအရာတွေကို စွန့်လွှတ်လိုက်ပြီး လူသာမန်ဖြစ်သွားသောအခါ အဆင်းတို့
ယုတ်လျော့သွားပြီး စိတ်ကစားနေသော မာတုဂါမလည်းလန့်၍ပြေးတော့ခြင်းဖြစ်ပေမည်။
ကိုယ်တော့်ခမျာတော့ အရှက်တကွဲ အကျိုးနည်းကာ ကောင်းဘွိုင်ဘဝ သက်ဆင်းရလေတော့သည်။
တချို့အမျိုးသမီးများကျတော့လည်း အိမ်ထောင်သည် ကလေးနှစ်ယောက်၊ သုံးယောက်အမေ
ဖြစ်နေသော်လည်း ဖေ့စ်ဘုတ်တွင် လှသလိုပသလို ပုံလေးတွေပြုပြင်၍တင်ကာ ဇာတ်လမ်းတွေဆင်သည်။
ရိုးရိုးယောက်ျားများဆိုပါက အန္တရာယ်ရှိနိုင်သည်ဟုတွေးကာ အတွေ့အကြုံနည်းသော
သံဃာများကို ပစ်မှတ်ထားကြလေသလားဟုပင် တွေးမိတော့သည်။ ကံကောင်းလျှင်
လာဘ်လာဘပေါများသော ကိုယ် တော်တို့နှင့်တွေ့ကာ မြိုးမြိုးမြက်မြက်ကလေး ရနိုင်သေးသည်ဟု
တွက်ကြဟန်တူ၏။ ဒီလိုဖြင့်ပင် အနာဂါမ်လည်းမဟုတ်၊ ရဟန္တာလည်း မဟုတ်ကြသေးသော
ရဟန်းတော်တို့ခမျာ တဖြုတ်ဖြုတ်ဖြင့် လူထွက် ကြလေတော့သည်။
ထိုအခါ ထေရ်ကြီးဝါကြီး ကျောင်းထိုင်ပုဂ္ဂိုလ်ကြီးများမှ ဟန်းဖုန်းများမသုံးရ အမိန့်ထုတ်ရတော့သည်။
တသက်လုံးမှာ ဖုန်းမရှိ၊ အင်တာနက်မရှိဖြင့် ဒီလိုပင်နေလာခဲ့ကြသော်လည်း ယခုအခါမတော့
မူးယစ်ဆေးစွဲသလိုဖြစ်ကုန်ကြကာ ဖုန်းမသုံးရသော ကျောင်းများတွင် မနေလိုကြတော့ပြီ။
စာသင်တိုက်တို့တွင် စာသင်သားတို့နည်းလာကုန်နေပြီကို စိုးရိမ်ဖွယ်ရာ တွေ့မြင်လာရသည်။
အင်တာနက်သည် ကမ္ဘာကြီးကို ကောင်းကျိုးများစွာ ယူဆောင်လာပေးသည်ကို မည်သူမှငြင်း၍ မရ။
သို့သော် မိမိတို့သာသနာတော် အတွက်တော့ ကောင်းကျိုးထက်ဆိုးကျိုးတွေကိုများ
ယူဆောင်လာနေသလားဟု ရင်နာနာဖြင့်ပင် စွပ်စွဲရမလို ဖြစ်လာသည်။
အညာဘက်ဆီမှ သြဇာတိက္ကမကြီးသည့် ကျောင်းထိုင်ဆရာတော်ကြီး၏ ကျောင်းဆီသို့ မိ
မိအလည်ရောက်သွားခဲ့သည်။ ဆရာတော်သည် ငယ်ရွယ်စဉ်မှပင် ပရဟိတလုပ်ငန်းများလုပ်လေ့ရှိ၏။
ယခုလို ၅ဝ ကျော် ၆ဝ နီးပါးအရွယ်တွင် စာသင်ကျောင်းပေါင်း ၁၅ဝ လောက်ကို အမြို့မြို့အနယ်နယ်တွင်
ဖွင့်ပေးနိုင်ခဲ့သည်။ နိုင်ငံခြားသား အလှူရှင်များစွာလည်းရှိသည်။ ဘုန်းတော်ကြီးမှာ လာဘ်လာဘကို
မျှော်ကိုးပြီး ဟန်ဆောင်လုပ်နေခြင်း မဟုတ်မှန်းသိကြသောကြောင့်လည်း လှူမည့်သူတို့ ပေါများကြသည်။
ထိုဆရာတော်ကြီးလည်း ခေတ်အရ လက်ကိုင်ဖုန်း မသုံးမနေရသုံးရတော့သည်။
”ကျုပ်လည်း အခုခေတ်လူတွေ ပြောပြောနေတဲ့ ဖေ့ဘုတ်ဆိုတာ ဘာလဲသိအောင်ဆိုပြီး
လုပ်ကြည့်လိုက်သဗျ။ ခုတော့ မသုံးတော့ပါဘူးဗျာ။ မိန်းမတွေက ရည်းစားစကားတွေ
လာလာပြောတာကိုးဗျ။ ဒါနဲ့ကျုပ်က လူမဟုတ်ဘူး ဘုန်းကြီးဖြစ်ကြောင်းကို
သံဃနာယကလက်မှတ်တွေကိုပါ ပြလိုက်ရတယ်”
”ဒီတော့ငြိမ်သွားသလား ဘုန်းဘုန်း”
”မရပါဘူး။ ဘုန်းကြီးဖြစ်တော့လည်း ဘာဖြစ်လဲ။ ဘုန်းကြီးကိုကိုပေါ့နော်ဆိုပြီး လုပ်လာလို့ ကျုပ်မှာ
တခါထဲအကောင့်ပါပိတ်ပစ်လိုက်ရတော့တယ်”
‘ကျောင်းကြီးဖျက်မ’များကား နေရာတကာ ပေါလှပေသည်။ ဒီလိုဆို၍ မိန်းမတွေချည်း
မကောင်းတာလားဟုဆိုခြင်း မဟုတ်ပါ။ မိန်းမရယ်၊ ယောက်ျားရယ်မဟုတ် အသိဉာဏ်နည်းခြင်း၊
များခြင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မရှိခြင်းတို့အပေါ်တွင်သာ မူတည်ပေသည်။ သာသနာ့လောကတွင်သာမဟုတ်
လူ့လောကတွင်လည်း အွန်လိုင်းကြောင့်ပေါ်လာသည့် အရှုပ်အထွေးတို့သည် ကြားရမကုန်နိုင်အောင်ပင်။
အရာရှိကြီးတယောက်၏ သမီးဖြစ်သူမှာ ဖေ့စ်ဘုတ်အသုံးကောင်းပြီး အပြင်တွင် လူချင်းတခါမှပင်
မမြင်ဖူးသည့်လူတယောက် နောက်သို့ကောက်ကောက်ပါအောင် လိုက်ဖို့လုပ်သည်။
သူကောင်းသားကလည်း နည်းနည်းနောနော လူပါးဝသည်မဟုတ်၊ ခိုးဖို့ချိန်းသည်ကို ကောင်မလေးရှိရာ
နေပြည်တော်သို့ပင် သွားမခေါ်။ သူ့ရွာသို့လည်း အလာမခံ။ ပခုက္ကူတံတားကြီးပေါ်တွင် ချိန်းသည်။
ကောင်မလေးခမျာ အထုပ်အပိုး၊ ငွေစ ရွှေစလေးများဖြင့် လိုင်းကားစီး၊ ဆိုင်ကယ်တက္ကစီစီးကာ
တံတားကြီးပေါ်သို့ ရောက်လာရှာသည်။ နေဝင်ရင် ပျိုကြောက်သည့်အချိန်ထိပင် ရောက်လာသော်လည်း
မောင်မင်းကြီးသားကား ပေါ်မလာတော့ပြီ။
အမှန်တော့ တံတားပေါ်ဆိုင်ကယ်ဖြင့် မသိမသာလာရောက်ကြည့်ရှုပြီး ထင်သလောက်မလှပသဖြင့်
စိတ်ပျက်သွား၍ ရှောင်ထွက်သွားဟန်တူပါသည်။ ဖုန်းဆက်တော့လည်း အပေါစား
ဒရာမာကားထဲကလို ဆိုင်ကယ်မှောက်၍ ဆေးရုံရောက်နေသည်ဟုပြောပြီး ဖုန်းကတ်ပါ
အပြီးတိုင်လဲပစ်လိုက်တော့သည်။ မျက်နှာငယ် သူငယ်မခမျာ အထုပ်အပိုးဖြင့် ကြံရာမရဖြစ်ကာ
တွေ့ရာဆိုင်ကယ်တက္ကစီသမားအား အကူအညီတောင်းရတော့သည်။ ဆိုင်ကယ်သမားက
လူကောင်းသူကောင်းဖြစ်နေ၍ တော်ပေသေးတော့သည်။ နို့မို့ဆိုပါက ဘယ်လို ဇာတ်သိမ်းမည်မသိ။
ဆိုင်ကယ်ဆရာမှာ အိမ်ခေါ်သွားပါကလည်း မိန်းမက အထင်လွဲမည်ဖြစ်သဖြင့်
ဘုန်းတော်ကြီးကျောင်းသို့ ခေါ်ချသွားကာ အကျိုးအကြောင်း လျှောက်ထားခဲ့ရသည်။ ဘုန်းကြီးက
မိဘများအား ဆက်သွယ်ကာ လာရောက်ခေါ်ဆောင်ခိုင်းလိုက်ရတော့၏။ ဘာနေနေ မကြိုက်သဖြင့်
ထားပစ်ခဲ့လို့ တော်ပေသေးဟု ကြံဖန်ကျေးဇူးတင်ရသေးသည်။ နို့မို့ဆိုပါက ခေါ်သွား၊ ပေါင်းသင်း၊
ပစ္စည်းယူ၊ လက်စတုံးလုပ်လိုက်နိုင် သည်မဟုတ်လား။
ကြားရကြားရ နားဝမသက်သာသည့် သတင်းတွေကြောင့် စိတ်ရှုပ်လှသည်။ အညာဘုန်းကြီးကျောင်းမှ
ပြန်လာပြီး လမ်းတွင်ခေါင်းတွေ ကိုက်လာသဖြင့် မြို့ငယ်လေးတမြို့တွင်ဆင်းကာ ကော်ဖီသောက်ဖို့လုပ်
ရတော့သည်။ ကဖင်းဓာတ်က ခေါင်းကိုတော့ အနည်းငယ်ကြည်သွားစေမည်ဖြစ်သည်။
ဆိုင်ကလေးမှာ သပ်သပ်ရပ်ရပ်ရှိသည်။
နက်စ်ကော်ဖီ၊ ဘလက်ကော်ဖီ၊ ကော်ဖီမစ်၊ ပြည်တွင်းဖြစ်နှပ် ကော်ဖီတို့အပြင် ထူးခြားဆန်းကြယ်ကော်ဖီတမျိုး
လည်းရ၏။ ထိုကော်ဖီကိုတော့ မိမိလည်း တခါမှ မသောက်ဖူးရုံမက ကြားလည်းမကြားဖူးပေ။
မိမိသည် အီတလီနိုင်ငံတွင် အနေများသဖြင့် ကမ္ဘာကျော် အီတလီကော်ဖီပေါင်းစုံတို့ဖြင့် ယဉ်ပါးသူဖြစ်သည်။
အီတလီလူမျိုးတို့သည် ကော်ဖီမရှိလျှင် မနေနိုင်သည့်လူများဖြစ်ကြသည်။ မနက်မိုးလင်းပါက
အိမ်မှ ကိုယ့်ဘာသာကော်ဖီသောက်ခဲ့စေကာမူ ဘားဆိုင်တွေသို့လည်းသွားကာ
အကြိမ်ကြိမ်သောက်တတ်ကြ၏။ မနက်ခင်းပိုင်းတွင် ကာပူချီနိုကော်ဖီကို အသောက်များကြသည်။
နေ့လယ်၊ ညနေ၊ ညပိုင်းတွေဆိုရင်တော့ နို့မပါသည့် အဆီအနှစ်ခပ်ပြင်းပြင်း espresso ကော်ဖီကို
အသောက်များကြသည်။ တချို့ကကျတော့ ကိုယ့်ရှေ့တွင်ပင် ကော်ဖီစေ့ကိုကြိတ်၍ရသည့်
အမှုန့်ဖြင့်ဖျော်သော ကော်ဖီကိုသောက်ကြသည်။ တချို့ကျတော့လည်း ကော်ဖီတွင်ပါသည့်
ကဖင်းဖြင့်မတည့်သောကြောင့် ကဖင်းထုတ်ပြီးကော်ဖီမှုန့်ဖြင့် ဖျော်ပေးရ၏။ မြန်မာပြည်တွင်တော့ မရှိသေးပေ။
ဒါတင်မက ကော်ဖီနှင့်လုံးလုံးမတည့်သူများလည်းရှိသဖြင့် တခြားသောအသီးအနှံတို့ကို
မီးသင်း အောင်ဖုတ်ကာ ကော်ဖီတုသဖွယ်လည်း သောက်ကြသေးသည်။ နို့ဖြင့်ဓာတ်မတည့်သူများလည်းရှိရာ
နွားနို့အစား ပဲပိစပ်နို့ဖြင့်လည်း ဖျော်ပေးရတတ်သည်။ ဆန်နို့လည်းရှိသည်။ ဂျင်ဆင်းလည်းပါ၏။
သောက် သုံးသူမျိုးစုံ၏အကြိုက်ကို ဝန်ဆောင်မှုပေးနိုင်အောင် ဘားဆရာတို့ကလည်း ကျွမ်းကျင်ကြသည်။
ထိုထို အရာတွေနှင့် အကျွမ်းတဝင်ရှိသော မိမိမှာ ဤတောမြို့လေးမှ ကော်ဖီအမည်ကိုကား
လုံးဝမကြားဖူးဖြစ် သွားရသည်။
”အေးစပယ်စိုး”
လူအမည်မဟုတ်။ ကော်ဖီအမည်ဖြစ်သည်။ ဘာရယ်။ ဘာကော်ဖီ
”အေးစပယ်စိုးလေ အစ်မရဲ့။ အီတလီကော်ဖီ”
သူကပင် မိမိအား ခေတ်မမီလေကောဟူသည့် အကြည့်ဖြင့်ကြည့်သည်။
”အစ်မ သောက်နိုင်မှာမဟုတ်ဘူး သူက တအားခါးတာ”
အီတလီကော်ဖီဖြစ်ခြင်း၊ တအားခါးခြင်း၊ ”အေးစပယ်စိုး”ဟူသောအမည်တို့ကို ဆက်စပ်ကာ
စဉ်းစားတော့မှ espresso ကော်ဖီကို ဆိုလိုနေမှန်း သဘောပေါက်သွားကာ
အားပါးတရရယ်မောလိုက်ရသဖြင့် စောစောက ကိုက်နေသောဝေဒနာပင် ပျောက်သွားတော့သည်။
အေးစပယ်စိုးကား စွမ်းလှပေသည်။
ဒီတပတ်အတွက် မိမိခေါင်းထဲ မပြတ်ဝင် ရောက်စိုးမိုးနေသည့် စကားနှစ်လုံးရှိ၏။
တွေးလိုက်တိုင်းလည်း ပြုံးနေရသည်။ ”ဘုန်းကြီးကိုကိုနှင့် အေးစပယ်စိုး”တို့ပင်ဖြစ်တော့၏။
စူးစူး(ကောလင်း)
Credit#

Comments