အချစ် နဲ့ အမုန်းကြောင့် ပင်ပန်းနေပြီ


တစ်ခါတုန်းက ပင်လယ်ကမ်းစပ်တစ်ခုမှာ ရှဉ့်ဇနီးမောင်နှံ နှစ်ကောင် နေကြတယ်။
သူတို့က အရမ်းချစ်ကြသတဲ့။
တစ်ရက်မှာ ရှဉ့်မလေးက အုန်းပင်ပေါ်ကနေ ရေသောက်ဖို့ အောက်ကို ဆင်းသွားတယ်။
အဲ့အချိန်မှာ မမျှော်လင့်ပဲ ရေလှိုင်းတစ်ခုက ကမ်းစပ်ကို ရိုက်ပြီး ရှဉ့်မလေးကို ရေထဲ ပါသွားစေခဲ့တယ် ။
ရှဉ့်မလေးက အကောင်သေးသေးလေးဆိုတော့ ရေတွေမွန်းပြီး သေရှာတာပေါ့ ။ ဒီလိုနဲ့ ရေဆင်းသောက်တဲ့
ရှဉ့်မလေး ပြန်တတ်မလာချိန်ကြာတော့ ရှဉ့်ဖိုလေးက အတော်စိတ်ပူရှာတာပေါ့။
ဆောက်တည်ရာမရ ကမ်းခြေမှာ ပြေးလွှားနေသတဲ့ ..။
သူချစ်တဲ့ရှဉ့်မလေး ပင်လယ်လှိုင်းထဲပါသွားတာကို သူတွေးမိတဲ့အချိန် ရင်ကျိုးရင်း သောကတွေနဲ့
သူကြံရှာသတဲ့။ သူ ရေထဲကို ပြေးဆင်းသွားတယ် .. ပြီးတော့ သူ့အမှီးလေးကို ရေစိမ်လိုက်တယ် .. ပြီး
ကုန်းပေါ်သူပြေးတယ်..အမှီးလေးကို ခါပြီး ရေတွေကုန်အောင်လုပ်တယ်... နောက်တစ်ခါ ရေထဲ
ပြေးဆင်းသွားတယ်... သူ့အမှီး ရေစိမ်လိုက်တယ်... ကုန်းပေါ်ပြေးတတ်သွားပြန်တယ် ... ရေတွေကို
ခါချပြီး သူရေထဲ ပြန်ဆင်းသွားတယ်.....
ဒီလိုနဲ့ အချစ်ကြောင့် ပြေးလွှားပြီး သောကတွေနဲ့ ပူလောင်နေတဲ့ ရှဉ့်ကလေးရဲ့ အဖြစ်ကို
ကမ်းစောင့်နတ်ကြီးက မြင်သတဲ့။ ကမ်းစောင့်နတ်ကြီးက သနားတာကြောင့်
ကိုယ်ရောင်ဖန်ဆင်းပြီး ရှဉ့်ကလေးကို မေးတယ်....
"ရှဉ့်ကလေး.... မင်း ဘာလုပ်နေတာလဲ?။"
"ကျတော်ချစ်တဲ့ ရှဉ့်မလေး ဒီပင်လယ်ထဲမှာရှိတယ် .. သူ့ကို ကယ်မလို့ ဒီရေတွေခန်းသွားအောင်
ကျုပ် လုပ်နေတာ" လို့ ဖြေရှာတယ်.... ။
" သြော်… မင်း မှားနေပြီ။ မဖြစ်နိုင်ဘူးနော်။ ဒီရေတွေ မင်းကုန်အောင် မစွမ်းဆောင်နိုင်ဘူး။
မင်း အချစ်ကြောင့် မောပန်းနေပြီ" လို့
ကမ်းစောင့်နတ်ကြီးက ရှဉ့်ကလေးကို ပြောပြတယ်..။ ဒါပေမယ့် ရှဉ့်ကလေးက အချစ်စိတ်တွေကြောင့်
မမှုဘူး ... ထပ်ပြီး ပြေးလွှားနေပြန်တယ်။
ဒါနဲ့ ကမ်းစောင့်နတ်ကြီးက သနားလို့ ပြောပြရှာတယ်...
"မင်းကသာ ဒီလိုလုပ်နေ ... မင်းချစ်တဲ့ ရှဉ့်မလေးက သေလို့ အခုဘဝပြောင်းသွားပြီ။
ဒီပင်လယ်ကြီးကို အစိုးရတဲ့ နဂါးမင်းကြီးရဲ့ နတ်မိဖုရားလေး ဖြစ်နေပြီ ကွ" လို့ ပြောလိုက်သတဲ့။
ဒီအခါမှာ ရှဉ့်ဖိုလေးက မယုံဘူးတဲ့ ... အဲ့ဒါနဲ့ ကမ်းစောင့်နတ်ကြီးက တန်ခိုးနဲ့ ပင်လယ်ထဲပျော်နေတဲ့
သူ့ဇနီး နတ်မိဘုရားပုံကို ဖန်ဆင်းပြလိုက်တယ်.....။ ထိုအချိန်မှာ ရှဉ့်ဖိုကလေး အရမ်း ဝမ်းနည်းပြီး
အရမ်းချစ်ရာကနေ အမုန်းကြီး မုန်းသွားရှာတယ်...။
ရှဉ့်ကလေးဟာ ဒီအခါမှာတော့ အစောကနဲ့ ပြောင်းပြန်အလုပ်ကို လုပ်တယ်။ ကမ်းပေါ်ကို
ပြေးတတ်သွားပြီးတော့ သူ့လက်သေးသေးလေးနဲ့ သဲတွေကို ကျုံးယူလာတယ်။ ပြီးတော့
ပင်လယ်ထဲကို ပစ်ချတယ်... ကမ်းပေါ် ပြေးတတ်သွားပြန်တယ် .. သဲတွေ ကျုံးယူလာပြီး
ပင်လယ်ထဲကို အဆက်မပျက် ပစ်ချနေပြန်တယ်။ ထို အချင်းအရာကို မြင်တော့ ကမ်းစောင့်နတ်ကြီးက ....
"ဟိတ်ကောင် ရှဉ့်လေး.... မင်းဘာလုပ်ပြန်ပြီတုန်း" လို့ မေးတယ်....
ရှဉ့်လေးက ဖြေတယ် ..
"သူတို့ကို မမြင်ချင်လို့ ဒီပင်လယ်ကြီး ခမ်းသွားအောင် သဲတွေနဲ့ ဖို့ နေတာ" လို့ ဖြေတယ်။
ဒီလိုပါပဲ အချစ် နဲ့ အမုန်းကြောင့် လူသားတွေလည်း ရှဉ့်ကလေးနည်းတူ ပြေးလွှားပြီး
စိတ်ခံစားချက်နောက်လိုက်ရင်း မောပန်းနေကြရတာပါပဲ။ ဘယ်အရာမှ မတည်မြဲ။
အာမခံချက်မရှိတဲ့ ဘဝထဲမှာ အချစ်အမုန်းတွေက သံသရာကို ရှည်စေခဲ့ပြီလေ။
ဦးဥတ္တမ သစ္စာရွှေပြည်ဆရာတော်၏ တရားတော်ထဲမှ ပုံပြင်လေးပါ ။
Credit to Original Writer

Comments