ငါနဲ့မဆိုင်ပါဘူး..ငါ့အလုပ်မဟုတ်ပါဘူး..လို့တွေးမိရင်


ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊
အထုပ်တစ်ထုပ်ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များပါလေမလဲ
လို့စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။
ဒါပေမယ့်သူစိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ
အိမ်ထဲက တစ်နေရာမှာ သွားချထား လိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ကြွက်ဟာအားရပါးရ
အော်ပြီး လယ်ကွင်းထဲပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။
အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့..။
မြေကြီးကို ခြေထောက်နဲ့ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး
စိတ်ပျက်တဲ့လေသံနဲ့ပြောလိုက်တယ်။ အော် … ကိုကြွက်ရယ်၊ မင်းအတွက်တော့သေတွင်းပဲလို့
ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။
ကြွက်ကဝက်ဘက်ကိုလှည့်ပြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျလို့ပြောလိုက်တယ်။
ဝက်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီးပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။
တကယ်တော့ကျနော်အနေနဲ့ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှမလုပ်ပေးနိုင်ပါဘူး။သေချာတာတစ်ခုက
ခင်ဗျားအတွက် ကျနော် အမြဲဆုတောင်းပေးနေပါတယ်။
ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက် ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။
နွားက ဝိုး … ဝမ်းနည်းပါတယ်ဗျာ။ ဒါပေမယ့် ကျနော့်နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း
မရှိဘူးလေ .. လို့ ပြန်ပြောလိုက်တယ်။
ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက် စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။
အော် … လယ်သမားကြီးရဲ့ ကြွက်ထောင် ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။
တစ်ညတော့ “ဗြောင်း” ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွား တယ်။
အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့အသံလိုပဲ။
လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့ကြွက်ထောင်ချောက်
ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း
ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။
အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။ ဆေးကုသဖို့အတွက်
လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့ လိုက်ရတယ်။ အိမ်ပြန်ရောက်တော့
မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေတက်နေတယ်။အဖျားတက်နေတဲ့ လူနာကို
အားရှိသွားအောင် လတ်ဆတ်တဲ့ကြက်စွတ်ပြုပ်လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။
ဒါနဲ့ လယ်သမားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့ဆင်းသွားလေရဲ့။
ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူ ရှိန်ဟာ မကျဘဲ တက်မြဲတက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊
သူငယ်ချင်းတွေက လူနာလာမေးရင်းနေကောင်းစေဖို့ နည်းလမ်း ကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။
တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ဝက်သားကို ဖော်ရတော့တယ်။နောက်ဆုံးတော့
အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲကွယ်လွန်သွားရှာတယ်။ နာရေးမှာ
လူအတော်များများ အသုဘရှု လာကြတယ်။
လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင် အမဲသားဟင်းကို
စီစဉ်ရတော့တယ်။ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့
အုတ်နံရံကြားကနေစိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။
နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ ငါနဲ့မဆိုင်ပါဘူးငါ့
အလုပ်မဟုတ်ဘူးလို့ တွေးလိုက်မိရင် … သတိရပါ။
ကျနော်တို့ထဲက တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ
ကျနော်တို့အားလုံးအပေါ် ကျရောက်လာတာပဲ။
တခြားသူူတွေ အပေါ်မှာမျက်စိဒေါက်ထောက်ပြီးဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို
တစ်ယောက်လည်းအားပေးပြီး အစွမ်းကုန်ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့အားလုံးဟာ
ဘဝလို့ ခေါ်တဲ့ ခရီးစဉ်ထဲက တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။
Credit #

Comments