သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား



ကလေးနှစ်ယောက် ဆရာဝန်ထံရောက်လာသည်။ ဆရာဝန်က “ဘာဖြစ်လို့လဲ သားတို့”ဟုမေးသောအခါ

ကလေးငယ်တစ်ယောက်က...

"ကျွန်တော် ဆယ်ပြားစေ့ကို မျိုချလိုက်မိတယ် ခင်ဗျ"

ထိုအခါ ဆရာဝန်က ဘေးမှပါလာသော အခြားကလေးငယ်ကို ကြည့်လိုက်သည်။

ထိုကလေးက အော်ဟစ်ငိုရှိုက်နေသည်။

"နေစမ်းပါဦး၊မင်းကရော ...ဘာဖြစ်လို့ငိုနေတာလဲ"

ကျန်ကလေးငယ်က ရှိုက်သံကြားမှ ဖြေသည်။

"သူမျိုချလိုက်တဲ့ ပိုက်ဆံက ကျွန်တော့်ပိုက်ဆံ ခင်ဗျ"

....................

ကျွန်တော်တို့ လူကြီးတွေရော ဘာထူးလို့လဲဟု ကျွန်တော်တွေးမိသည်။

သူတပါး၏ဒုက္ခကို စာနာဖို့ထက်

"ကိုယ့်ပိုင်ဆိုင်မှု ဆုံးရှုံးနစ်နာခြင်း” ကိုသာ ပိုပြီး အဓိကကျသည်ဟု အောက်မေ့တတ်ကြသည် မဟုတ်လား။"

"တိုက်တန်းနစ် သင်္ဘောကြီးမြုပ်ပြီး လူပေါင်းများစွာ သေဆုံးသွားရသည်ဟူသည့် သတင်းကိုကြားရသည့်အခါ

ကျွန်တော် ထွေထွေထူးထူး မခံစားရပါ။ ဝမ်းမနည်းမိပါ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ကျွန်တော်ခေါင်းကိုက်နေသောကြောင့်ဖြစ်သည်။”

......ဟူသော စားသားတစ်ပိုင်းတစ်စကို ကျွန်တော် ဖတ်ရဖူးပါသည်။

သည့် အတွက် ထူးခြားပြီး မအံ့သြမိတော့ပါ။

လူဆိုသည်မှာ “ကိုယ့်ဒုက္ခသာလျှင် အကြီးကျယ်ဆုံး”ဟု သဘောထားတတ်ကြသူများဖြစ်သည်။

အရေးကြီးသော လူနာတစ်ယောက်ကို

မြောက်ဥက္ကလာဆေးရုံ ကြီးသို့ပို့ရန်

တက္ကစီတစ်စီး လက်ပြပြီး တားခဲ့သည်။ တက္ကစီ ဒရိုင်ဘာက ညဉ့်နက်နေပြီဟုပြောကာ ၂၅၀၀ိ/ -တောင်းသည်။

"လျှော့ပါဦးဗျာ၊ လူနာက......."

ကျွန်တော် စကားကို ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ ကားဆရာက ဒေါသ တကြီးမောင်းထွက်သွားသည်။

"သူ့ဆယ်ပြားစေ့ကို ကျွန်တော် မျိုချခဲ့မိပါသလား"

သူ့အတွက်တော့ လူတစ်ယောက်၏အသက်ထက် ငွေ၂၅၀၀ိ/က ပိုအရေးကြီးနေပေလိမ့်မည်။

ကျွန်တော် သူ့ကိုစိတ်မဆိုးမိပါ။ ရယ်သာ ရယ်မောနေချင်ပါတော့သည်။

ကျွန်တော်တို့သည် (အကယ်စင်စစ်) ကလေးများသာ ဖြစ်ကြပါသည်။

crd #မင်းခိုက်စိုးစံ

Ye Win

Comments