အပေါင်းအသင်းမှားရင်



#လယ်တွင်းသားစောချစ်
★ ပျက်စီးစပြုနေတဲ့ သူငယ်ချင်းက စလာမယ်။ “ဟေ့ သူငယ်ချင်း ဒါလေးလုပ်ကြည့်၊
ကောင်းတယ်ကွ”ဆိုပြီး ဆေးလိပ်လေး ထိုးပေးမယ်။ ခေါင်းခါပြရင်လည်း
“မင်း ယောကျ်ားမဟုတ်ဘူးလား၊ လုပ်စမ်းပါကွ”ဆိုပြီး မြှူဆွယ်မယ်။ “မင်း ယောကျ်ားမဟုတ်ဘူးလား”
ဆိုတဲ့စကားက သိပ်ကို တာသွားတယ်။ “ငါ ယောကျ်ားကွ၊ ဒါပေမဲ့ ဆေးလိပ်တော့ မသောက်ချင်ဘူးကွာ”ဆိုပြီး ငြင်းနိုင်ရမယ်။ ★
Q. ငယ်ရွယ်စဉ်တုန်းမှာဆိုရင် လူငယ်တွေ ပေါင်းသင်းဆက်ဆံကြတဲ့အခါမှာ အပေါင်းအသင်းမှားပြီး ပျက်စီးကြ၊
လမ်းမှားရောက်ကြတယ်ပေါ့နော် ဆရာ။ ဘာကြောင့် ဒီလိုတွေဖြစ်ကြရသလဲဆိုတာလေး ပြောပြပေးပါဦးဆရာ။
အရွယ်ရောက်တဲ့အခါမှာလည်း ကျောင်းမှာရော၊ လုပ်ငန်းခွင်မှာရော အပေါင်းအသင်းမမှားရအောင်
ဘယ်လိုဆက်ဆံမှုမျိုး၊ ဘယ်လိုလူမျိုးတွေကို ရှောင်ကြဉ်ပြီး ရွေးချယ်ပေါင်းသင်းသင့်သလဲဆိုတာလေးလည်း မျှဝေပေးပါဦးဆရာ။
A. လူဆိုတာ ငယ်ရွယ်စဉ်ကလေးဘ၀ ကျောင်းစနေကတည်းက ပေါင်းသင်းဆက်ဆံရတာပဲလေ။
ကျောင်းတက်ပြီဆိုကတည်းက သူငယ်ချင်းတွေရှိကြပြီ။ အဲဒီထက် နည်းနည်းကြီးလာတော့
အလယ်တန်းအရွယ်လောက် ရောက်လာပြီ။ အဲဒီအခါမှာ ပျက်စီးစပြုနေတဲ့ သူငယ်ချင်းက စလာမယ်။
“ဟေ့ သူငယ်ချင်း ဒါလေးလုပ်ကြည့်၊ ကောင်းတယ်ကွ”ဆိုပြီး ဆေးလိပ်လေး ထိုးပေးမယ်။ ခေါင်းခါပြရင်လည်း
“မင်း ယောကျ်ားမဟုတ်ဘူးလား၊ လုပ်စမ်းပါကွ”ဆိုပြီး မြှူဆွယ်မယ်။ “မင်း ယောကျ်ားမဟုတ်ဘူးလား”
ဆိုတဲ့စကားက သိပ်ကို တာသွားတယ်။ “ငါ ယောကျ်ားကွ၊ ဒါပေမဲ့ ဆေးလိပ်တော့ မသောက်ချင်ဘူးကွာ”
ဆိုပြီး ငြင်းနိုင်ရမယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ်တိုင်က စပျက်စီးပြီး လမ်းမှားလိုက်မိသွားမယ်။
မူးယစ်ဆေးအစဆေးလိပ်က စတာကိုး။ ငယ်ရွယ်စဉ်မှာ ရည်းစားသနာထားပြီး ပညာရေးမှာ
လျော့ချင်လာတာမျိုးလည်းရှိတယ်။ “မင်းကွာ ဒီအရွယ်မှ အမြီးမပေါက် ဘာမျောက်လဲ”ဆိုပြီး
ဖြားယောင်းတတ်တာတွေပေါ့။ ဒါတွေကို အလိမ္မာနည်းနဲ့ ငြင်းပယ်နိုင်ရမယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း
မပျက်ရအောင်၊ ကိုယ်တိုင်လည်း လမ်းမှားမရောက်အောင် ဆင်ခြင်နိုင်ရမယ်။
အရွယ်ရောက်လာတဲ့အခါ ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ အပေါင်းအသင်းမှားကြတာတွေလည်း
ရှိကြပါတယ်။ သူငယ်ချင်းက ကိုယ်နဲ့ စာလုပ်ဖော် စာလုပ်ဖက်။ ဒါပေမဲ့ သူက နည်းနည်းလောက်
ပျက်စီးစပြုလာတယ်။ ဒါကို ကိုယ်က ဖေးမပြုပြင်ဖျောင်းဖျရမယ်။ ဒါမှ မရရင် အိမ်ကိုဖြစ်ဖြစ်၊
လူကြီးတွေကိုဖြစ်ဖြစ် အသိပေးတိုင်ကြားရမယ်။ မိတ်ဆွေစစ်ဆိုတာ အမုန်းခံပြောရတာမျိုးလည်း
ရှိတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဒါဟာ မိတ်ဆွေစစ်မဟုတ်လို့ပဲ။ လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း
အလုပ်ဆိုရင် နည်းနည်းလုပ်ပြီး အခွင့်အရေးဆိုရင် ရှေ့ဆုံးက များများလိုချင်တာပေါ့။ ဒါဟာ
မကောင်းဘူး။ အလုပ်ထဲမှာ မိတ်ဆွေက အောင်မြင်တယ်။ စီမံခန့်ခွဲမှုတော်လို့ ချီးကျူးခံရတယ်။
ဒါကိုလည်း မုဒိတာပွားနိုင်ရမယ်။ ဒါမှ အပေါင်းအသင်းကောင်း ခေါ်တယ်။ မိတ်ဆွေကောင်း ပီသတယ်။
ဒီလိုမှမဟုတ်ရင် ဒါဟာ အတုအယောင်မိတ်ဆွေပဲ။
အပေါင်းအသင်းကောင်းမဟုတ်ပေမယ့် မဖြစ်မနေ ပေါင်းသင်းဆက်ဆံနေရတာမျိုးလည်း ရှိတယ်။
ဒါမျိုးဆိုရင်တော့ မတတ်သာတဲ့ အခြေအနေအတွက် ကိုယ်ပေါင်းစိတ်ခွာ ပေါင်းသင်းဆက်ဆံရတာမျိုးလည်း
ရှိတယ်။ ဒါမှလည်း ကိုယ်ပေါင်းပြီး စိတ်ခွာမှပဲ ဆက်ဆံရေးမှာ ဆက်လက်အဆင်ပြေနိုင်တော့မယ်လို့ ပြောချင်ပါတယ်။
(" မိတ်ဆွေအပေါင်းအသင်းကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်က မိတ်ဆွေကောင်းပီသဖို့လိုတယ်ဆိုတဲ့
လယ်တွင်းသားစောချစ် " အင်တာဗျူးဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။
လွတ်လပ်စွာ Share နိုင်ပါသည်။)
Eternal Light Magazine June 2017 #လူမှုပေါင်းသင်းဆက်ဆံရေး
Credit#

Comments